Quantcast
Channel: ဒီမိုဝေယံ
Viewing all articles
Browse latest Browse all 780

မိုးသီးဇွန်တို့အဖွဲ့နှင့် မြန်မာပြည်ခရီး(၅)

$
0
0

မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာလ ၇၊ ရန်ကုန်မြို့။

ကိုမိုးသီးဇွန်တို့ရဲ့ သတင်းစာရှင်းလင်းပွဲကို ရေးမိတဲ့ ကျမမှာလည်း ကဗျာဆရာကိုအောင်ဝေးရဲ့ ကဗျာထဲမှာတောင် ထည့်စပ်ခံရတယ်လို့တောင် ပြောရမယ်ထင်ပါတယ်။

ဘာပဲပြောပြော ကဗျာဆရာအောင်ဝေးရဲ့ တော်တော်လေး ဖတ်လို့ကောင်းပါတယ်။ ကဗျာ စပ်ကောင်းတဲ့ ဆရာ၊ စကားလုံးပြောင်မြောက်ပါတယ်။ ကျမတော့ကြိုက်တယ် သူ့အနုပညာကိုပါ ။ရန်ကုန်မှာ နေတဲ့သူတွေကို အရူးလို့မြင်တာကလည်း သူ့အမြင်ပါပဲ။ ကျမတော့ အဲလိုပဲ သဘောထား နားလည်ပါတယ်။

တကယ်တော့ ဒီဆောင်းပါးကို စောင့်ဖတ်ကြတယ် ဆိုတာကို ကြည့်ခြင်းအားဖြင့် မြန်မာပြည် နိုင်ငံရေးနဲ့ကိုမိုးသီးဇွန်တို့အပေါ်မှာ လူစိတ်ဝင်စားမှု ရှိတယ်ဆိုတာ သိသာစေပါတယ်။

သတင်းစာရှင်းလင်းပွဲလုပ်တော့လည်း နိုင်ငံရေးအသိုင်းအ၀ိုင်း၊ သတင်းထောက်တွေကြားမှာ စုံထောက်အချို့ကိုလည်းတွေ့မြင်ရတာပါပဲ။

အထူးသဖြင့် သတင်းထောက်တွေကလည်း လူငယ်တွေ တော်တော်များများဖြစ်နေတာလည်း ထူးခြားတယ်လို့ ပြောလို့ရမှာပါ၊

ကျမတို့မြစ်မခမီဒီယာကတင် ကျမ အပြင်၊ ကျော်ဇင်မန်းနဲ့ ထက်အောင်ခန့်ဆိုတဲ့ အသက် ၂၀ ၀န်းကျင်အရွယ် သတင်းထောက်တွေက သူတို့လည်း သတင်းယူပါရစေလို့ စိတ်ဝင်စားစွာပြောပြီး သတင်းယူခဲ့ကြတာပါ။

သတင်းစာရှင်းလင်းပွဲမှာလည်း တောက်လျှောက်လူငယ်သတင်းထောက်တွေကပဲ မေးခွန်းတွေ မေးသွားခဲ့ကြတာပါ။ သူတို့ဟာ ၈၈ ရဲ့ သမိုင်းရော၊ ABSDF အဖွဲ့ရဲ့ သမိုင်းကိုရော သေချာမသိကြသေးတဲ့အရွယ်တွေပါ။ ဒါပေမဲ့လို့ သူတို့ သေချာသိချင်လို့ မေးကြတာလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာတော့ လူငယ်တွေ အမြဲဦးဆောင်နေတယ်ဆိုတာက ဒီလိုနေရာတွေမှာလည်း သိသာစေပါတယ်။

အထူးသဖြင့် သတင်းစာရှင်းလင်းပွဲတွေမှာ လူကြီးတွေက မျက်နှာပူရမဲ့မေးခွန်းမျိုးတွေ မေးဖို့စဉ်းစားတွေဝေနေချိန်မှာ လူငယ်တွေကပဲ သွက်သွက်လက်လက်နဲ့ ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ မေးလေ့ရှိတာ တွေ့ရပါတယ်။

နောက်တချက်က သူတို့ လေးစားတဲ့ ABSDF အဖွဲ့ရဲ့ သမိုင်းမှာ အမည်းစက်ဖြစ်ခဲ့တဲ့ မြောက်ပိုင်းကိစ္စကိုလည်း ကိုမိုးသီးဇွန်တို့လို တာဝန်ကြီးကြီးယူခဲ့တဲ့ သူတွေဆီကနေ ဖြေရှင်းပြောဆိုကြတာကိုလည်း ကြားချင်ပုံရတဲ့အတွက် ဒီမေးခွန်းကိုပဲ ထပ်ခါထပ်ခါမေးနေကြတယ်လို့ ကျမတော့ထင်မှတ်မိပါတယ်။

နောက်တချက်ကတော့ ကိုးမိုးသီးဇွန်ရဲ့ရဲဘော်များက မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဆိုတဲ့ စာတမ်းကို ကိုင်ပြီး  ကြိုဆိုခြင်းနဲ့ပတ်သက်ပြီး မေးခွန်းတွေ များနေတာတွေ့ရပါတယ်။ ခုမေးနေတဲ့ကလေးကလည်း သူကပဲ ဒုတိယမေးခွန်းကို ဆက်ပြီး မေးပါတယ်။

 မေး။ ။ မြန်မာ့ဒီမိုကရေစီနဲ့ခေါင်းဆောင်လို့ ခေါင်းစဉ်တပ်ပြီး ကြိုတာဟာ ဒါဟာ ပြည်သူတွေရဲ့ သဘောထားဖြစ်တယ်လို့  ကိုမိုးသီးက ပြောပါတယ်။ ကျနော်တို့ဆီမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင်လို့ သတ်မှတ်ထားကြတာ တွေ့ရပါတယ်။အဲဒီတော့ ကိုမိုးသီးဇွန်တို့က ရော အဲလို သဘောထားပြီး ၀င်လာတာလားဆိုတာ သိချင်ပါတယ်။

ဖြေ။ ။မိုးသီးဇွန်- ကျနော်တို့ ဒီမိုကရေစီမှာ အဲလိုမျိုး တယောက်နဲ့တယောက် သူက မဲလို့သူက ဖြူလို့သူကတော့ ဘာ ဘာသာ ကိုးကွယ်လို့ ဆိုပြီးတော့ မသတ်မှတ်ဖို့တော့ မေတ္တာရပ်ခံပါတယ်။ ကျနော်တို့က ဒီမိုကရေစီအတွက် တိုက်နေကြတာပါ၊ သူတို့ဟာ သူတို့ ဆန္ဒထုတ်ဖော်ကြတာကိုတော့ ခွင့်ပြုပါလို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်။ ဒီမှာ ကျနော့်ကို ရဲဘော်တယောက်က ပြောပါတယ်။ အခြားသက်မှတ်တဲ့သူတွေလည်း ရှိတယ်၊ ဒါဟာ သူတို့ သတ်မှတ်ချက် သူတို့ရဲ့ အမြင်ပါ။ ဒီမိုကရေစီပါ။ ကျနော့်ကို ချစ်တဲ့ သူတွေက သူတို့ခေါင်းဆောင်လို့သတ်မှတ်တယ် ဒါလည်း ဒီမိုကရေစီပဲ။ ဟိုလူ မသတ်မှတ်ရဖူး၊ ဒီလူ မသတ်မှတ်ရဖူးဆိုတာကတော့ သူတို့ရဲ့ ဆန္ဒပါ။ ခုဆို facebook တွေမှာ ရေးနေတယ်၊ ရေးနေတဲ့အခါမှာလည်း ချစ်ရင်ချစ်သလို၊ မုန်းရင် မုန်းသလိုပေါ့ဗျာ။ ကျနော့် ရဲဘော်တယောက်က ပြောတယ်။ မြန်မာပြည်မှာ facebook ကို ဒီမိုကရေစီအတွက် အသုံးမချဘူး ဆိုတော့ ကျနော်က ရဲဘော်ကို ပြန်မေးတယ် မင်း နယူးယောက်တိုင်းကို ဖတ်ဖူးလား၊ ၀ါရှင်တန်ပို့စ်တွေ၊ ဘန်ကောက်ပို့စ်တွေ ဖတ်လား။ သူက မဖတ်ဖူးတဲ့။ အဲဒါဆို မင်းဖတ်ကြည့်လို့ ပြောတယ်၊ အဲဒီမှာ ကော်မန့်တွေက ရာနဲ့ချီပြီး ဒီလိုပဲ ရေးနေကြတာပဲ။ကျနော်က ဖတ်တော့ ဘာကိုသွားတွေ့လည်း ဆိုတော့ အတိုက်ခံရဆုံး ၃ မျိုးလောက်သွားတွေ့တယ်၊ ဒါအနောက်တိုင်းသားတွေနော် ဘာတွေ့လဲဆိုတော့ စူပါ ဂျေးဇက်ခရက် အမြဲလိုလိုအတိုက်ခိုက်ခံနေရတာ၊ တခါတလေ ငေးလို့တောင်ရေးတယ်။ မိုဟာမက်လည်း ရစရာမရှိဘူး၊ ဗုဒ္စလည်း ရစရာမရှိဘူးရေးကြတာပဲ။ နေ့တိုင်းရေးကြတယ်၊ပြီးတော့ အိုဘားမား အကုန်လုံးကို ရေးနေကြတယ် အဲဒါကို ကျနော်တို့က ဒီမိုကရေစီလို့ ခေါ်နေတာလေ။

နောက်တဦးကတော့ လူငယ်အမျိုးသမီးသတင်းထောက်တဦးပါ။

မေး။ ။ကိုမိုးသီးဇွန်တို့ရဲ့ ရှေ့တရက်မှာ ABSDFက ခေါင်းဆောင်ဟောင်းဖြစ်တဲ့ဒေါက်တာနိုင်အောင်တို့လည်း ရောက်လာတော့ ဘာကြောင့်ပါလဲ။ သူတို့နဲ့လည်းပူးပေါင်းဆောင်ရွက်ဖို့ အစီစဉ်ရှိလားအဲဒါလေးကိုသိချင်ပါတယ်။

ဖြေ။ ။ ဦးထွန်းအောင်ကျော်- ကိုနိုင်အောင်တို့ ကိုသောင်းထွန်းတို့ကလည်းသူတို့ဟာ သူတို့လာကြတာ ဖြစ်တယ်နော်၊ ကျနော်တို့ တယောက်နဲ့တယောက် စပ်ဆက်မှုမရှိဘူး၊ နောက် ၀န်ကြီးတွေနဲ့ တွေ့တဲ့အချိန်တုန်းကလည်း ကျနော်တို့ မထင်မှတ်ဘဲနဲ့ တွေ့တာ၊ ပထမတုန်းကတော့ ကျနော်တို့ပဲ တွေ့ရမယ်ထင်ထားတယ်၊ အစည်းဝေးခန်းထဲမှာ သူတို့နောက်ကျမှ ၀င်လာခဲ့တယ်။ အဲဒီမှာ ကျနော်တို့ အံ့သြသွားတယ်၊ ခုလိုတွေ့တယ်ဆိုတာ တိုင်ပင်ပြီးတော့ စည်းရုံးပြီးတော့ လို့ထင်စရာဖြစ်သွားတယ်၊အဲဒါကို ကျနော်  ရှင်းမယ်၊ ကျနော်တို့ တယောက်နဲ့တယောက် စပ်ဆက်မှု မရှိဘူး၊ အစိုးရအဖွဲ့တွေကလည်း ဆွေးနွေးပြီးတော့ ချပေးလို့ တွေ့လိုက်ကြတာ၊ ကျနော်တို့ ရှေ့ဆက်သွားမှာလည်း ပူးပေါင်းသွားမှာ မဟုတ်ဘူး၊ ကျနော်တို့နဲ့ သူတို့ လုပ်ပုံလုပ်နည်း မတူကြဘူး။ အဲဒါကို ကျနော်ရှင်းတယ်ပေါ့နော်။

နောက်တဦးကတော့ လူငယ်သတင်းထောက်တဦးပါပဲ။သူကလည်းမြောက်ပိုင်းကိစ္စနဲ့ပတ်သက်တဲ့ မေးခွန်းကိုပဲ မေးပါတယ်။

မေး။ ။မြောက်ပိုင်းမှာ ကျောင်းသားတွေကိုသတ်ဖြတ်တဲ့ကိစ္စမှာတကယ်ပဲ စစ်ထောက်လှမ်းရေး သူလျှိုဆိုတာကိုသိခဲ့လို့ သတ်ဖြတ်ခဲ့တာလား ဆိုတာကို အတည်ပြုရှင်းလင်းပြောကြားပေးပါ။

ဖြေ။ ။ ဦးမူးသာ- ဒါတွေက တကယ့်ကို ပွင့်လင်းသွားတဲ့အခါမှာ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ပတ်သက်ခဲကတဲ့သူတွေအားလုံးကို လက်ရှိအစိုးရကနေပြီးတော့မှ ဒါကို ပွင့်လင်းမြင်သာစွာဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကျနော်တို့အနေနဲ့ကတော့ ဒါကို အာဏာရှိထားတဲကအဖွဲ့အစည်းလည်း မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ သူတို့ကို ဂုဏ်ပြုတယ်ဆိုတာလောက်ပဲ ပြောလို့ရပါတယ်။ ဖြစ်ပေါ်လာမဲ့ အဆင့်ဆင့်တွေနဲ့သူတို့သွားမှာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့အခမ်းအနားမှူးဦးရွှေစင်ထွန်းက လက်ရှိအစိုးရအနေနဲ့သူတို့အဖွဲ့ကို ဖိတ်ခေါ်ခဲ့ကြောင်း၊ အစိုးရက လက်ရှိမူဝါဒအသစ်တွေနဲ့သွားနေပြီ ဖြစ်ကြောင်း၊ အဖွဲ့အနေနဲ့အစိုးရရဲ့ဖိတ်ခေါ်မှုနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို ဆောင်ရွက်ဖို့ လာရောက်ခြင်းဖြစ်ကြောင်း တွေပြောပါတယ်။

အဲဒီအချိန်မှာပဲ အမေးအဖြေကဏ္ဍပြီးဆုံးသွားပြီလို့ မှတ်ယူတဲ့အတွက် အသံဖမ်းခြင်းကို အဲဒီမှာပဲ ရပ်နားခဲ့ပါတယ်။

နောက်ပိုင်းမှာ ဦးမိုးသီဇွန်နဲ့ သတင်းထောက်တွေ တဦးချင်းမေးတာမျိုးတွေ၊ ဦးထွန်းအောင်ကျော်ကို မေးတာမျိုးတွေ တွေ့ရသလို၊ ဦးမိုးသီးဇွန်ကလည်း သူ့ရဲဘော်တွေကို လက်ဆွဲ၊ ပုခုံးဖက်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကြပါတယ်။

ကျမအနေနဲ့ဦးမိုးသီးဇွန်ကို နှုတ်ဆက်ရင်း အင်တာဗျူးခွင့်တောင်းဖို့ ကြိုးစားပါတယ်။ ဦးမိုးသီးဇွန်က အင်တာဗျူးမရတော့ပါဘူး၊ ခုဏဖြေပြီးသွားပါပြီလို့ ပြောတဲ့အတွက် တဦးချင်း အင်တာဗျူးခြင်းကို လက်လျော့ခဲ့ရတာပါ။

ဒါပေမဲ့နောက်ရက်တွေမှာလည်း တိုက်ရိုက်ဖုန်းနံပတ်မရှိတဲ့အတွက် အခြားတဆင့်ခံဖုန်းတွေနဲ့ ဆက်သွယ်ပြီး အင်တာဗျူးရဖို့ ကြိုစားခဲ့တာ ခုချိန်ထိပါပဲ၊တကယ်လို့များ ဦးမိုးသီးဇွန်မပြန်ခင်မှာ အင်တာဗျူးခွင့်ရမယ်ဆိုရင် မေးမြန်းပြီး ရေးသားးသွားမှာဖြစ်ပါတယ်။

ဘာကြောင့်ပဲဖြစ်ဖြစ် မြန်မာပြည်ကို တကယ်ချစ်လို့ ပြန်လာတာ ဆိုရင် ကျမတို့တွေ ကြိုဆိုကြရမှာပါ။ မြန်မာပြည်ကို တကယ်ပဲကူညီပံ့ပိုးချင်စိတ် ရှိခဲ့ရင်လည်း ၀မ်းသာကြရမှာပါပဲ။

ကျမတို့သတင်းသမားတွေကတော့ ကောင်းခြင်းရလဒ်ပြုသူတိုင်းကို ပြုကြောင်း ရေးသားပေးဖို့ တာဝန်ရှိကြသလို၊ ဝေဖန်ထောက်ပြဖို့ လိုအပ်ရင်လည်း အမုန်းခံရမှာကို မကြောက်စတမ်းရေးသားကြရမဲ့ သူတွေပါ။

မျှတပြီး ချစ်ခြင်း မုန်းခြင်း ကင်းတဲ့ စိတ်နဲ့ အလုပ်လုပ်နိုင်အောင် ကျမ အမြဲကြိုးစားနေပါတယ်။ ကျမ လေးစားအားကျခဲ့ရတဲ့ ဆရာတင်မိုးရဲ့ ကဗျာကို မိတ်ဆွေတဦးက ပို့ပေးခဲ့တဲ့အတွက် ဒီကဗျာလေးကိုလည်း မိတ်ဆွေများ မျှဝေနိုင်အောင်ပါ။

မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ်၊

ငါမမှန်ရင်
ငါတရားခံဖြစ်မယ်၊

တရားဆိုတာ
ညှာလဲမညှာ၊ ညာလဲမညာ
သာစေ နာစေမရှိ
ပကတိ သူ့သဘောသူဆောင်ခြင်းပဲ။

ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အတ္ထုပ္ပတ်။

ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အနာဂတ်။

မပတ်သက်ချင်လို့ မရ
မစပ်ဆက်ချင်လို့ မရ။
မင်းဘဝကို မင်းကသာပြဌာန်းတယ်။
မင်း ဘာလဲ
မင်း ဘယ်သူလဲ
မင်းဟာ မင်းပဲ။ ။

တင်မိုး



မိတ်ဆွေများအားလုံးကိုလေးစားခင်မင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)

Viewing all articles
Browse latest Browse all 780

Trending Articles