Quantcast
Channel: ဒီမိုဝေယံ
Viewing all articles
Browse latest Browse all 780

ဗကသ ကျောင်းသားအချို့ ယာယီထိန်းသိမ်းခံရ

$
0
0
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ရုံးတွင် ယနေ့ (ဇူလိုင်လ ၆ ရက်နေ့) ည ၁၂ နာရီခန့်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ The Voice Weekly
ဗကသကျောင်းသားအချို့ ယာယီထိန်းသိမ်းခံရ

ရန်ကုန်၊ ဇူလိုင် ၆
သမိုင်းဝင် တက္ကသိုလ်သမဂ္ဂ အဆောက်အအုံ ဖောက်ခွဲခံခဲ့ရခြင်း နှစ် ၅၀ ပြည့် ဇူလိုင် ၇ ရက်နေ့ မရောက်ခင် တစ်ရက်အလို ဇူလိုင်လ ၆ ရက်နေ့ ည ၉ နာရီ အချိန်ခန့်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ခေါင်းဆောင်အချို့ အပါအဝင် ကျောင်းသား ၁၀ ဦးကျော်ကို သက်ဆိုင်ရာက ယာယီ ထိန်းသိမ်းလိုက်ကြောင်း ယင်းနေရာသို့ ရောက်ရှိ သတင်းရယူ နေသော The ...Voice Weekly သတင်းထောက်က ယနေ့ ည ၁၁ နာရီ ၃၀ မိနစ်တွင် သတင်းပေးပို့သည်။


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) မှ ရန်ကုန်မှ ငါးဦး၊ မန္တလေးမှ နှစ်ဦး၊ မုံရွာမှ တစ်ဦး၊ မြင်းခြံမှ ခုနစ်ဦးခန့်တို့ ယာယီ ထိန်းသိမ်းခံရသည်ဟု လတ်တလော စုံစမ်းမှုများအရ သိရပြီး ၎င်းတို့ထဲတွင် ကိုစည်သူမောင်၊ ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင်တို့ ပါဝင်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းတွင်းမှ စုံစမ်းသိရှိရသည်။


ယာယီ ထိန်းသိမ်းခံရသည့် ဗကသ ကျောင်းသားများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွား သည်ကိုမူ မသိရှိ ရသေးကြောင်း ၎င်းတို့နှင့် နီးစပ်သည့် နိုင်ငံရေး အသိုင်းအဝိုင်းမှ သိရှိရသည်။ “တစ်ယောက်ပဲကျန်ရင် အဲတစ်ယောက်ကပဲ ဆက်လုပ်သွားးမယ်။ ဒီလိုမျိုး ခေါ်ဆောင်သွားတာဟာ ဒီမိုကရေစီ ကူးပြောင်းရေးကာလမှာ အနှောင့်အယှက် ဖြစ်သလို နိုင်ငံရေး အသိုင်းအဝိုင်းထဲက အရပ်ဘက် လူ့အဖွဲ့အစည်းကိုလည်း ခြိမ်းခြောက်ရာ ရောက်ပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဖမ်းဆီးထိန်းသိမ်းခံရသော ဗကသ ကျောင်းသားများနှင့် ပတ်သက်၍ ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်း၌ ယနေ့ (ဇူလိုင်လ ၆ ရက်နေ့) ည ၁၂ နာရီခန့်က ပြုလုပ်သည့် ၈၈မျိုးဆက် ကျောင်းသားများ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။


ဇူလိုင်လ ၇ ရက်နေ့တွင် သမိုင်းဝင် တက္ကသိုလ်သမဂ္ဂ အဆောက်အအုံ ဖောက်ခွဲခံခဲ့ရခြင်း နှစ် ၅၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ပြုလုပ်ရန် စီစဉ်ထားသည့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ရုံးကိုလည်း ယနေ့ည ၉ နာရီ မိနစ် ၃၀ ခန့်တွင် သက်ဆိုင်ရာက ဧည့်စာရင်း ဝင်စစ်ခဲ့ကြောင်း ယင်းအဖွဲ့ရုံးထံမှ သိရသည်။


ဇူလိုင်လ ၇ ရက်နေ့တွင် အဆိုပါ အောက်မေ့ဖွယ် အခမ်းအနားကို ပြုလုပ်ဖြစ်အောင် လုပ်မည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောကြားကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။


သမိုင်းဝင် တက္ကသိုလ်သမဂ္ဂ အဆောက်အအုံ ဖောက်ခွဲခံခဲ့ရခြင်း နှစ် ၅၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့ရုံးတွင် ကျင်းပသွားမည် ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ဦးကျော်ကိုကိုက The Voice Weekly သို့ ဇူလိုင်လ ၅ ရက်နေ့တွင် ပြောကြားသည်။


ယင်းအောက်မေ့ဖွယ် အခမ်းအနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ခမ်းခမ်းနားနား ကျင်းပရန် စီစဉ်ခဲ့သော်လည်း သက်ဆိုင်ရာက ခွင့်ပြုခဲ့ခြင်း မရှိပေ။ ဇူလိုင် ၇ နေ့သည် နိုင်ငံတော်မှ တရားဝင် ရုံးပိတ်ရက် မဟုတ်သည့်အတွက် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြိုပျက်ခဲ့သည့် အောက်မေ့ဖွယ် အခမ်းအနားကို လုံးဝ ကျင်းပခွင့်ပြုမည် မဟုတ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနသို့ ပြောဆိုထားသည်။


ကိုလိုနီစနစ်ကို တွန်းလှန် တိုက်ခိုက်ခဲ့သော ဗမာ့ လွတ်လပ်ရေး ခေါင်ဆောင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ကျောင်းသားခေါင်းဆောင်များ ဦးဆောင်ခဲ့သည့် ကျောင်းသားသမဂ္ဂနှင့် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဦးနေဝင်း အစိုးရလက်ထက်တွင် ဖြိုဖျက်ခဲ့သည့်အပြင် ကျောင်းသားများကို အစုလိုက်အပြုံလိုက် သတ်ခဲ့သည့် 7 July အဖြစ်အပျက်မှာ နှစ်၅၀ ပြည့်ခဲ့ပြီ ဖြစ်သည်။

Viewing all articles
Browse latest Browse all 780